“ အချစ်ဆိုတာ ”


အချစ်ဆိုတာ
အစကတည်းက တစ်ကိုယ်ကောင်းဆန်တာပဲ
ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ အားလုံးက
မျှော်လင့်ကြတာလေ……
တရားသော  မတရားသော ချင့်ချိန်မှုမပြုဘဲ
ရယူလိုစိတ်ပြင်းထန်တယ် ။     ။

ဒါပေမယ့်
ပိုင်ဆိုင်ချင်တဲ့လောဘက
တစ်ခါတစ်လေ လူကိုကြောက်ရွံ့စေတယ်
တစ်ခါတစ်လေ အမှားတွေကိုလည်း
ထပ်ကာ ထပ်ကာ လုပ်မိစေတယ် ။    ။

အချစ်ကြီးလို့ အမျက်ကြီးတယ်
အမျက်ကြီးပြီး ပိုင်ဆိုင်လိုစိတ်ပြင်းထန်လာလေလေ
ငါ့ကိုများ သူထားခဲ့လေမလားဆိုတဲ့
သူ့အပေါ် ယုံကြည်မှုအစား မသင်္ကာစိတ်တွေနဲ့
အချိန်တိုင်းစက္ကန့်တိုင်း စိုးရိမ်ပူပန်နေရပါတယ် ။    ။

အချစ်တစ်ခုမှာ ညီမျှချင်းမရှိရင်
တစ်ဖက်စောင်းနင်း ပိုချစ်မိတဲ့သူကသာ
နေ့ရက်တိုင်း ပျော်ရွှင်မှုအစား
သောကတွေ တစ်ထွေးကြီးနဲ့ ခါးသီးတဲ့ဒဏ်ကိုခံရပါတယ်
ပိုချစ်တဲ့သူက ရှုံးပါတယ်
ဒါကို ဝဋ်ကြွေးလို့ ခေါင်းစဉ်တပ်ချင်လည်း ရတယ် ။    ။

ဒီဝဋ်ကြွေးကို လွှတ်ချလို့ရရဲ့သားနဲ့
တယုတရ ပိုက်ထွေးနေတာဟာ
သူ့ကိုအရမ်းချစ်မိလို့ ဆိုတဲ့ ခေါင်းစဉ်လှလှလေးတပ်ပေမယ့်လည်း
အမှန်တရားကတော့ ကိုယ်ညံ့တာက ကိုယ်ညံ့တာပါပဲ ။    ။

လက်လွှတ်ပေးတယ်လို့ ခေါ်တဲ့
အချစ်တစ်မျိုးလည်း ရှိနေပါသေးတယ်
ကိုယ်နဲ့မသက်ဆိုင်တဲ့အချစ်ဆိုရင်
လက်လွှတ်လိုက်တာက အကောင်းဆုံးပါပဲ
ပျံသန်းပါစေ  ပျံသန်းသွားပါစေ
သူ့ကို လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းခွင့်လေးပေးလိုက်ပါ ။     ။

ကိုယ်ချစ်တဲ့သူ ပျော်ရွှင်နေတာကို
အဝေးကနေ ငေးကြည့်ပြီး ကျေနပ်နေရတာလည်း
စိတ်ချမ်းသာခြင်း တစ်မျိုးပါပဲ ။     ။

မေတ္တာဖြင့်
#သူသူဟိန်း

Comments

Popular Posts