ဧည့်သည်နဲ့ အိမ်ရှင်

ဧည့်သည်နဲ့ အိမ်ရှင် 

~~~~~~~~~~~~~~ 
ဘယ်လောက်ပဲ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖြစ် သူ့အိမ်ကို ညအိပ်ညနေ အလည်အပတ် ရောက်သွားပြီဆိုရင် မိမိကိုယ်မိမိ သိထားရမှာက ငါဟာ ဒီအိမ်ရဲ့ ဧည့်သည် ဆိုတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အများအားဖြင့် အိမ်ရှင်တွေဟာ အိမ်ရှင့်ဝတ္တရား ကျေပွန်ကြသလောက် ဧည့်သည်တွေက ‌ဧည့်သည်လို မနေထိုင်တတ်ကြလို့ပဲ။ မိမိအိမ်ကို ဧည့်သည်တစ်ယောက် ညအိပ်ညနေ အလည်အပတ် ရောက်လာရင် အိမ်ရှင်မှာဘယ်လောက် တာဝန်ကြီးသလဲ ဧည့်သည်လာဖူးရင် သိပါလိမ့်မယ်။ ဒီတော့ ဧည့်သည်နဲ့ အိမ်ရှင်ကြားမှာ ပါးစပ်က ပြောစရာမလိုတဲ့ နားလည်မှုလေးတွေ ရှိထားဖို့လိုပါတယ်။ ဘာတွေကိုနားလည်ရမလဲ ဆိုတော့ မိမိဟာ ဧည့်သည်ဖြစ်နေရင် အိမ်ရှင်အပေါ် အလိုက်သိတတ်ဖို့လိုပါတယ်။ အိမ်ရှင်က အိမ်ရှင့် ဝတ္တရားအတိုင်း ပန်းကန်တွေမဆေးပါနဲ့၊ တံမြက်စီးမလှဲပါနဲ့ ပန်းပင် ရေမလောင်းပါနဲ့ စသဖြင့် အိမ်ရှင်က တားဆည်းပါလိမ့်မယ် သို့သော် မိမိဟာ ဧည့်သည် ဆိုပေမယ့် ကိစ္စမရှိပါဘူး ကျွန်တော်/ကျမ တော့ ပျင်းနေလို့ပါ၊ မလုပ်ရရင် မနေတတ်လို့ပါ အညောင်းအညာပြေပေါ့ စသဖြင့် လုပ်ချင်ချင်၊ မလုပ်ချင်ချင် လုပ်စရာရှိရင် အလိုက်တသိနဲ့ အိမ်ရှင်ကို ကူညီပြီး လုပ်ကိုင်ပေးဖို့လိုပါတယ်။ အိမ်ရှင်က အိမ်ရှင့်ဝတ္တရားအတိုင်း ဧည့်သည်လို့ မနေနဲ့နော် ဘာမှ အားမနာနဲ့ ကိုယ့်အိမ် ကိုယ့်ယာလို့ သဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ စသဖြင့် အိမ်ရှင်က အခွင့်အရေးပေးတိုင်း မယူပါနဲ့ မိမိဟာ ဧည့်သည်ဖြစ်သည့် အတွက် ဧည့်သည်ဟာ ဧည့်သည်လိုပဲနေပါ။ ညအိပ်ယာဝင်အိမ်ရှင်တွေ အိပ်ပျော်နေရင် စကားကျယ်ကျယ် မပြောပါနဲ့ သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ ဉာဉ့်နက်ထိ ဖုန်းပြောတာမျိုး ရှောင်ကျဉ်ပါ။ မနက်စောစော အိမ်ရှင်တွေ မနိုး‌သေးရင် စကားကျယ်ကျယ်မပြောပါနဲ့ အိမ်ရှင်တွေ အိပ်ယာထပြီဆိုရင် မိမိလည်း အိပ်ယာက လိုက်ထပါ ဆက်အိပ်နေတာမျိုး မလုပ်ပါနဲ့။ အိမ်ရှင်ဆိုတာ ဧည့်သည်အကျန် အရိုးအရင်းလေးတွေ ကိုက်ပြီးတော့ ဧည့်သည်ကို အသားလေးတွေ ရွေးပြီး ထည့်ကျွေးတတ်တယ်ဆိုတာ သတိပြုပါ။ (အသားတုံးတွေချည် ရွေးမစားပါနဲ့) အိမ်ရှင်က အားမနာနဲ့နော် အားရပါးရ ထည့်စားပါလို့ ပြောတိုင်းလဲ ပါးဖြဲနားဖြဲ ဇွတ်အတင်း မစားပါနဲ့ ရှေ့လူနောက်လူ ကြည့်ပြီး ထမင်း ဟင်းကို ချင့်ချိန်စားပါ။ နောက်ဆုံးအနေနဲ့ ပြောရရင် ... တစ်ညပဲ အိပ်အိပ်၊ ဘယ်နှစ်ရက်ပဲနေနေ ဧည့်သည် ပြန်တော့မယ်ဆိုရင် မိမိတတ်နိုင်သလောက် ထမင်းဖိုးဟင်းဖိုး အနေဖြင့် ငွေကြေးထောက်ပံ့ခဲ့ပါ။ မယူဘူးလို့ အိမ်ရှင်က တော့ ဇွတ်အတင်း ငြင်းပါလိမ့်မယ် သို့သော် ထိုအိမ်က ကလေး တစ်ယောက်ကို မုန့်ဖိုးပေးတာ ဆိုပြီး နှစ်ဦးနှစ်ဖက် မျက်နှာလှအောင် တတ်နိုင်သလောက် ထောက်ပံ့ပေးလိုက်ပါ ။ (အိမ်ရှင်က ချမ်းသာသူတွေဆိုရင်တော့ သင်အိမ်ပြန်တဲ့အခါ သူတို့က မုန့်ဖိုးအနေနဲ့ ပြန်ပေးကောင်း ပေးပါလိမ့်မယ် ) သူငယ်ချင်းမိတ်ဆွေတွေရဲ့ အိမ်ကို ဧည့်သည်အဖြစ် အလည်အပတ်သွားတိုင်း အထက်မှာ ပြောခဲ့သလို အလိုက်တသိ နေထိုင်သွားမယ်ဆိုရင် အိမ်ရှင်တိုင်းက သင့်ကို အချိန်မရွေး အပြုံးနဲ့ ကြို‌ဆို နေလိမ့်မယ် ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောဝံ့ပါတယ်။ ၎င်းအရာတွေနဲ့ ဆန့်ကျင်ဖက် ပြုမူ နေထိုင်သွားမယ် ဆိုရင်တော့ ထိုဧည့်သည်မျိုးကို မည်သည့်အိမ်ရှင်ကမှ ကြည်ဖြူနိုင်လိမ့်မည် မထင်ပါ။ ဒီအကြောင်းကို ဘာကြောင့် ရေးရသလဲ ဆိုတော့ သိပ်မကြာခင် ရက်ပိုင်းက အိမ်ရှင်ရဲ့ ခေါင်းကို တတ် မနင်းရုံတမယ် တည်းခိုသွားကြတဲ့ ဧည့်‌သည် တချို့ကို ကိုယ်တွေ့ ကြုံလိုက်ရလို့ပါပဲ။ လိုအပ်ချက်တွေ ရှိသေးရင်လည်း ဖြည့်စွက် မန့်ပေးခဲ့ပါဦး။ ~~~~~~~~~~~~~~~~~~ ‌
အလိုက်သိတဲ့ ဧည့်သည်တွေကို အမြဲတမ်း ကြိုဆိုနေမယ့် - @ ပြည့်ဖြိုးမောင်

Comments

Popular Posts