“ ပြုတ်ကျခြင်း ”
ပြုတ်ကျခြင်း
-- -- -
တိတ်တိတ်ပုန်း ညည်းတွားခဲ့ရတဲ့ သီချင်းလေးတွေ ငါ့မှာ ရှိတယ် ။
ကြေကွဲရင်းနဲ့ဖြစ်ဖြစ်
အားတင်းရင်းနဲ့ဖြစ်ဖြစ်
မအောင်မြင်မှုတွေအတွက်ဖြစ်ဖြစ်…ငါ ညည်းတွားတယ် ။
ပြီးတော့ ငါ့ နူတ်ခမ်းတွေမှာ ဆီတွေပေကျံနေဖို့လည်း လိုအပ်တယ်။ခြောက်သွေ့လွန်းလို့ ဖြေသိမ့်စရာစကားလုံးတွေရှားပါးကုန်လို့ ။ဆုပ်ကိုင်ထားတာတွေ လွှတ်ချပေးလိုက်ရလို့ ။အထီးကျန်လို့ ။
တံတွေးစွတ်ရုံနဲ့ မလုံလောက်တော့ဘူး ။တကယ် ငါ့ နူတ်ခမ်းမှာ ဆီတွေပေကျံနေဖို့လိုအပ်တယ် ။
ငါဟာ လက်နှစ်ဘက်ကို ဆန့်ပြီး ကမ်းလှမ်းတယ် ။ပြီးတော့ ရင်ခွင်ကျယ်ကျယ်လည်း ဖွင့်ထားခဲ့တယ် ။သူ့ အတွက်ပေါ့ ။ဒါပေမယ့် သူက ငါ့ရင်ခွင်ထဲကို တစ်စုံတစ်ခုသာ ထားပြီး ထွက်သွားခဲ့တယ် ။အဲဒီအရာဟာ ဝန်ထုပ်ဝန်ပိုးပေါ့ ။ငါ့ လက်တွေကိုလည်း သူ မဖမ်းဆုပ်ခဲ့ဘူး ။ငါ့ ရင်ခွင်ထဲကိုလည်း သူ မဝင်ခဲ့ဘူး ။
နောက်ဆုံးတော့ ငါလက်ပိုက်ပြီးကျန်ခဲ့တယ် …သူ့ခြေရာတွေကို ရီဝေဝေနဲ့ငေးရင်းပေါ့ ။ဒီတော့ …
ငါ့ လက်ပိုက်ထဲ ဘာကျန်မလဲ …?
ငါ ရှာမတွေ့ချင်တဲ့အရာတွေသာ ကျန်ခဲ့တယ်လေ ။
ဒါကြောင့် ငါ့ နူတ်ခမ်းမှာ ဆီတွေပေကျံနေဖို့ လိုအပ်တယ်ဆိုတာ ငါပြောနေခြင်းဖြစ်တယ် ။
ငါ တစ်စုံတစ်ခုကို ငေးကြည့်တယ် ။
တစ်စုံတစ်ခုကို ငါငေးကြည့်တိုင်း တစ်စုံတစ်ခုကိုမှ ငါ မမြင်ရဘူး ။
ငါ ငေးနေခဲ့တာမှ မဟုတ်တာ ။တကယ်တော့ ငါဟာ တွေဝေဆွေးမြေ့နေခြင်းသာဖြစ်တယ် ။ဒါကြောင့် ငါပြောမယ် ။ငါ့ နူတ်ခမ်းမှာ ဆီတွေပေကျံနေဖို့လိုအပ်တယ် ။
နောက်တော့ ငါ သူ့ကို နူတ်ဆက်ဖို့ ကြိုးစားလိုက်တယ် ။
နူတ်ဆက်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လေ ။ဆုံတွေ့ခြင်းလား ခွဲခွာခြင်းလား ။ငါ့ဆီ နူတ်မဆက်ဘဲ ဝင်လာဖူးတဲ့ သူ့ကို ငါကတော့ ခွဲခွာခြင်းနဲ့ နူတ်ဆက်လိုက်တယ် ။တကယ်တော့ ဆုပ်ကိုင်ထားတာလေး တစ်ခုကို လွှတ်ချလိုက်ခြင်းဖြစ်တယ် ။
လွှတ်ချလိုက်ရင် ငါ ပေါ့ပါးသွားရမယ် ။
ဒါပေမယ့် ငါဟာ ပိုမိုလေးကန်သွားတယ် ။
နှုံးချိ ခွေလဲကျချင်မိသွားတယ် ။ခြေထောက်တွေဟာ ဖိအားတွေကြောင့် အားအင်ချိနဲ့နေသလိုပါပဲ ။
လွှတ်ချတိုင်း ပေါ့ပါးမယ်ထင်တဲ့ သီအိုရီမှားနေတာ
ငါ လက်တွေ့ သိခဲ့ရတယ် ။တစ်ချို့အရာတွေဟာ ရူပဗေဒ သဘောတရားနဲ့ တိုင်းတာလို့မရဘူးလေ ။အဆိုးဆုံးက နှလုံးသားပေါ့ ။
ငါ့ နှလုံးသားကို ငါလွှတ်ချလိုက်တဲ့ အချိန်မှာ …ငါပါ ပြုတ်ကျသွားခဲ့တယ်လေ ။
ဒါကြောင့်
ငါပြောတယ် …
ငါ့ နူတ်ခမ်းမှာ ဆီတွေ ပေကျံနေဖိုိ့လိုအပ်တယ် ။
ဒါကြောင့်
ငါ့မှာ ရှိခဲ့တယ် …
တိတ်တိတ်ပုန်း ညည်းတွားခဲ့ရတဲ့ သီချင်းလေးတွေပေါ့ ။
---
#zeroneo
Comments