ဘဝ ဆိုတာ ပြိုင်ပွဲတစ်ခု ဖြစ်ချင်ဖြစ်နေလိမ့်မယ်

ဘဝ ဆိုတာ ပြိုင်ပွဲတစ်ခု
ဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ လူတကာနဲ့
တချိန်လုံး လိုက်ပြိုင်နေစရာတော့ မလိုဘူး..

စိတ်ထဲမှာ သူဟာ ငါ့ထက်သာနေပြီလား
ငါ့ထက်တော်နေပြီလား
ငါ့ထက် ပရိသတ် များနေပြီလား..
ငါ့ထက်အောင်မြင်သွားပြီလား
ငါ့ထက် အဆင့်မြင့်သွားတော့မှာလား...
အဲလိုများ တစ်ယောက်ယောက်ကို
ကိုယ်နဲ့ နှိုင်းယှဉ်ပြီးတွေးမိနေပြီဆိုရင်
သင်ဟာ ဟန်မကျ ပန်မကျနဲ့ ပြေးလမ်း
တစ်ခု ပေါ်ကို တက်နေမိပြီလို့သာ မှတ်လိုက်ပါ

စာရေးတဲ့နေရာမှာပဲဖြစ်ဖြစ်
သီချင်းဆိုတဲ့နေရာမှာပဲဖြစ်ဖြစ်
စျေးရောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်
မန်နေဂျာ လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်
ဘယ်နေရာ..ဘယ်ပညာရပ်မဆို..
အကန့်အသတ်ဆိုတာ ရှိမှမရှိတာ..

ပင်လယ်ရေဆိုတာ
ကိုယ်တစ်ယောက်တည်းသောက်လို့လည်း
ကုန်သွားမှာမှမဟုတ်တာ..
ကိုယ်ပဲသိ ကိုယ်ပဲတတ်တဲ့ပညာဆိုတာ
ဒီကမ္ဘာမှာမပေါ်သေးပါ.

ဘာမှမဟုတ်တဲ့ ပတ်ဝန်းကျင်
သေးသေးလေးတွေမှာ
ရုံးတွေမှာ
အဖွဲ့အစည်းတွေမှာ
အချင်းချင်း
ပညာပြိုင်
လင်ပြိုင်
သားပြိုင်
ရာထူးပြိုင်
ပစ္စည်း ပြိုင် နေကြတာ တန်ရဲ့လား
စဉ်းစားကြည့်ပါ...

လောကမှာ သူကသူ
ကိုယ်ကကိုယ်ပါပဲ..
မတူတာတွေကို အတင်းလိုက်ညှိပြီး
 ပြိုင်မနေကြပါနဲ့လား..

နိုင်တယ် ရှူံးတယ်
အောင်မြင်တယ် နိမ့်ကျတယ်ဆိုတာ
ဘယ်သူ့အတွက်မှ တသမတ်ထဲမရှိပါ..

သူများ ကိုယ့်ထက်အောင်မြင်သွားတယ်ဆို ဝမ်းသာပေးလိုက်ပါ
ကိုယ်လည်း သူ့ထက် အောင်မြင်ခဲ့တာတွေရှိခဲ့ဖူးမှာပါ

ကိုယ်က..သူများထက်သာသွားရင်လည်း
ခပ်ပြုံးပြုံးလေးပဲနေလိုက်ပါ
မာန်တက်မနေပါနဲ့..

သူများရှုံးနိမ့်သွားတာကို ပျော်မနေနဲ့..
ကိုယ့်မှာလည်း ရှူံးနိမ့်ချိန်တွေရှိလာဦးမှာပါ..

ကိုယ် သူများကို ရှူံးသွားရပြီလား
ပြန်ထဖို့ပဲကြိုးစားပါ..
ဟယ် သူရှူံးသွားပြီလို့ အပြောခံရတော့ရော ဘာဖြစ်လဲ..
ကိုယ့်ဘဝတစ်ခုလုံး ပျက်စီး ဆုံးရှူံးသွားတာမှမဟုတ်တာ..
ဂရုမစိုက်နဲ့..

ကိုယ့်လုပ်နိုင်စွမ်းအားကို ကိုယ်သာသိတာပါ..
ကိုယ့်ဘဝနဲ့ ဘာမှမသက်ဆိုင်တဲ့..
လူတွေရဲ့ အကြိုက် ဘာလို့ လိုက်လုပ်နေရမှာလဲ
သူတို့ပြောသမျှ ဘာလို့ လိုက်ခံစားနေရမှာလဲ
ကိုယ့်အလုပ်သာ ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်နေလိုက်ပါ
ဒီလောက်ဆိုရင် သင်တာဝန်ကျေပါပြီ
အကောင်းဆုံးလူတစ်ယောက်ဖြစ်ပါပြီ..

အောင်မြင်တာလည်း ခဏ
ဆုံးရှူံးရတာလည်း ခဏပါ..
ဘယ်သူမှ အမြဲတမ်းပျော်မနေသလို
ဘယ်သူမှလည်း အမြဲတမ်း စိတ်ညစ်မနေနိုင်ကြပါဘူး..

တလှည့်စီပဲသွားနေကြတာပါ
ဒါကိုလက်ခံပါ
မခံချင်စိတ်တွေနဲ့ အတင်းလိုက်ပြိုင်ရင်.. ကိုယ့်ရဲ့..
ဟန်ချက်သာပျက်သွားလိမ့်မယ်..

အရေးကြီးတာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နေဖို့ပါပဲ..
ကိုယ့်ရည်မှန်းချက်အတိုင်းရောက်အောင်သွားဖို့ပါ..
စိတ်ကို အကောင်းဆုံးထားနိုင်ဖို့ပါ
ဒါဆိုရင် ကျွန်မတို့ အောင်မြင်တယ်..

ပြိုင်တယ်ဆိုတာပင်ပန်းတယ်
ဒါကြောင့်..
မလိုအပ်ရင် မပြိုင်ပါနဲ့..

ကိုယ့်ကို အတင်းလိုက်ပြိုင်နေတဲ့သူရှိလား..
ဒါဆိုရင်တော့ သူ့အရှိန်နဲ့သာ သူ လွှတ်ထားပေးလိုက်ပါ..
အရှိန်ကုန်ရင် သူ့အလိုလိုရပ်သွားမှာပါ..

ကျွန်မဖြစ်ခဲ့ဖူးတာလေး ပြောပြမယ်..

ကျွန်မ နေ့စဉ် Gym မှာ jogging လုပ်တော့ တစ်ခါလျှောက်ရင် ပုံမှန် ၂မိုင်လျှောက်ဖြစ်တယ်
၂မိုင်အတွင်းမှာ ကယ်လိုရီ ၁၇၀ burn လုပ်တယ်..

ကိုယ့်ဘာသာ လျှောက်နေတုန်းကအကောင်းသား..
ဘေးနားကစက်မှာ ပြေးတဲ့ ရွယ်တူအမျိုးသမီးတစ်ယောက်ရောက်လာတော့ သူက ခဏလေးလျှောက်ပြီးတာနဲ့ တဝုန်းဝုန်းပြေးတော့တာပဲ..

ကျွန်မက ၅ကီလိုမီတာနှုန်းနဲ့ လျှောက်နေရင် သူက ၁၀ကီလိုမီတာ နှုန်းနဲ့ပြေးနိုင်တယ်
ပြေးရင်း ကျွန်မ စက်ကိုလည်း လှမ်းလှမ်းကြည့်သေးတယ်..

၃ရက်လောက်ကြာတော့ ကျွန်မစိတ်ထဲမှာ အပြိုင်အဆိုင် သဘောမျိုးလေးဝင်လာတယ်
သူနဲ့ယှဉ်ပြီး လျှောက်နေရတဲ့အပေါ်
ရှက်သလိုလိုလည်းဖြစ်လာတယ်
ကျွန်မနဲ့ အတူ လေ့ကျင့်ခန်း လုပ်တဲ့တစ်ယောက်ကလည်း ကျွန်မကို သူ့လောက်တော့ပြေးသင့်တယ်ဆိုတာမျိုးပြောလာတယ်..

လူတွေရဲ့ဆိုက်ကို ဆိုတာ ဒီလိုပဲ..
သူ့လို လိုက်လုပ်မှာပေါ့ လို့ စိတ်မှာဖြစ်လိုက်ကတည်းကကျွန်မမောသွားပြီ.
သူလုပ်တိုင်း ကျွန်မ အတင်းလိုက်လုပ်ရင် အမောဆို့ပြီးသေသွားဖို့ပဲရှိတယ်..
ကျွန်မမှာ တခြား ကျန်းမာရေး ပြသနာလေးတွေလည်းရှိနေသေးတာကိုး

အဲဒါကို လက်ခံလိုက်တဲ့နောက်ပိုင်း အေးဆေးပဲ..
ကျွန်မ ရည်မှန်းချက် ရောက်အောင်ပဲကျွန်မလုပ်တော့တယ်..
ကျွန်မ ၂မိုင်ပဲရအောင်ပြေးတယ်..

သူလည်းသူအရှိန်နဲ့တော့သူပြေးနေတာပဲ..
သူ့ရည်မှန်းချက်ရောက်အောင်သူပြေးပါစေ....

သူ ကျွန်မကို နိုင်အောင်ပြေးနေတာဆိုလည်း ကျွန်မအတွက်တော့ ဘာမှမထူးခြားပါဘူး..
ကျွန်မ ဘယ်သူနဲ့မှ မပြိုင်ချင်ပါဘူး..

တစ်နေ့ လူတ်ိုင်း ယှဉ်ပြိုင်ရမှာက သေခြင်းတရားပါ
သူ့ကို ကြောက်စိတ်နဲ့ ယှဉ်ပြိုင်မလား
သူ့ကို စိန်ခေါ်ပြီး ယှဉ်ပြိုင်မလားဆိုတာ ..ကိုသာ
ပြင်ဆင်ဖို့ မမေ့ပါနဲ့.

မွန်ဟော်စီ


Comments

Popular Posts