“ အရူးကြားထဲမှာ အရူးမဖြစ်စေဖို့ ”
ရှေးအခါက တိုင်းပြည်တစ်ပြည်မှာ
မိုးခေါင်ရေရှားဖြစ်ကာ ရေအလွန်ရှားပါး
သော အချိန်ဖြစ်လေ၏။
ထိုအခါ ပညာရှိသုခမိန်အမတ်ကြီးမှ....
မှန်လှပါ အရှင်မင်းကြီးဘုရား....
တိုင်းပြည်မှာ မိုးခေါင်ရေရှားဖြစ်နေပါသည်သို့ပါသော်လည်း မနက်ဖြန်နေမွန်းတည့်ချိန်မှစ၍ မိုးကြီးလေကြီးရွာသွန်းပါလိမ့်မယ်ဘုရား....
အင်း ကြားရတာဝမ်းသာအားရ ရှိတော်မူ
လိုက်တာကွယ်....
ဒါပေမယ့်လည်း...ထိုမိုးရေဟာ အချိန်အခါ
မဟုတ်ရွာသွန်းသော မိုးရေဖြစ်ပါသဖြင့်
သောက်သုံးသောသူတို့အဆိပ်သင့်နိုင်ကြောင်းပါဘုရား....
ဟေ...
ဒါဆိုဘယ်လိုလုပ်ကြမတုန်း အမတ်ကြီးရဲ့
မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့
မသောက်သုံးစေရန် အမိန့်ထုတ်ပြန်သင့်ကြောင်းပါဘုရား.....
ကောင်းပြီ အခုချိန်မှစ၍ ငါကိုယ်တော်မြတ်
အမိန့်တော်မှတ်မယ်။ မနက်ဖြန်ရွာမည့်မိုးရေအား
အဆိပ်သင့်နိုင်သည့်အတွက် မည်သူ
တစ်ဦးတစ်ယောက်မျှ မသောက်သုံးစေရန်
တစ်တိုင်းပြည်လုံးအား ကြေငြာမောင်းခတ်စေ....
မှန်လှပါ အမိန့်တော်မြတ်အတိုင်းပါဘုရား..
အမတ်ကြီးဦးဆောင်၍ တစ်တိုင်းပြည်လုံးအား
ကြေငြာမောင်းခတ်လေတော့သည်။
သို့သော်လည်း တကယ်တမ်းမိုးရွာသွန်းသော်အခါ၌မူ........
ဟာ...မိုးရွာပြီဟ...လာကြလာကြ....
သောက်ဖို့၊သုံးဖို့အတွက်ရေခံထားမှဖြစ်မယ်ဆိုပြီး
တစ်တိုင်းပြည်လုံး ထိုမိုးရေအား
သောက်သုံးမိသောအခါ အဆိပ်သင့်၍
အကုန်ရူးကုန်တော့သည်။
ထိုမိုးခါးရေအား မသောက်တာဆိုလို့
ဘုရင်နှင့် အမတ်ကြီးသာဖြစ်လေသည်။
အမတ်ကြီး..ဘယ်လိုဖြစ်ကုန်ကြတာလဲ...
မှန်လှပါ မိုးခါးရေအားသောက်သုံးမိ၍
တစ်တိုင်းပြည်လုံး ရူးကုန်ကြတာပါဘုရား..
အရူးတွေကြားမှာ ဘုရင်နှင့်အမတ်ကြီးအား
တစ်တိုင်းပြည်လုံးက အရူးအရူးဟုသာ
ခေါ်ကုန်ကြလေတော့သည်။
ကဲ အမတ်ကြီးဘယ်လိုလုပ်ကြမလဲ...
အခုအကုန်ရူးပြီး တို့နှစ်ယောက်သာ
ကျန်တော့တယ်၊ အရူးတွေက
တို့ကိုပြန်ပြီး အရူးလို့ခေါ်ကုန်ကြပြီ။
ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။
အရူးတွေကြားမှာ တို့နှစ်ယောက်ထဲ
ကောင်းနေလို့လဲ ဘာမှထူးလာမှာ
မဟုတ်ဘူး၊ ဒီတော့တို့လည်း အများနည်းတူ
မိုးခါးရေသောက်ပြီး ရူးလိုက်ကြရအောင်
ဒါမှ တို့အတူနေလို့အဆင်ပြေမှာ...
ထိုအခါအမတ်ကြီးမှ...
မှန်လှပါ၊ စဉ်းစားတော်မူပါဦးဘုရား..
ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့အခုချိန်မှာ
အဆင်မပြေတာကို သည်းခံသင့်ပါတယ်ဘုရား၊
အခုလက်ရှိရူးသွပ်နေကြသူတွေကို
ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့
မတတ်စွမ်းပေမယ့် နောက်ထပ်မွေးဖွား
လာမယ့်မျိုးဆက်သစ်လေးတွေကို သူတို့လို
မရူးသွပ်ရလေအောင် ထိန်းသိမ်းလို့ရပါတယ်ဘုရား၊
မျိုးဆက်သစ်တွေ များလာပြီး
အရူးတွေတစ်ဖြည်းဖြည်းကုန်လာရင်
အရူးမျိုးဆက်လည်းရှိလာမှာ မဟုတ်တော့ပါဘူးဘုရား...
ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီးပြောသလို
ကျွန်တော်မျိုးတို့ပါ မိုးခါးရေသောက်လိုက်မယ်ဆိုရင်
အကုန်ရူးပြီး အရူးမျိုးဆက်သာ
ကျန်ရစ်နေတော့မှာပါဘုရား....
အင်း မှန်ပေသားပဲ အမတ်ကြီး....
ယနေ့မှစ၍ လက်ရှိရူးနေကြသူများအား
ရှိစေတော့....နောက်မျိုးဆက်သစ်လေးတွေ
အရူးမျိုးမဖြစ်ရလေအောင် ထိန်းသိမ်းကြပါစို့
အမတ်ကြီးရေ......
ဒီပုံပြင်ကို ကြားဖူးကြမှာပါ၊ဒါကြောင့်လဲ
မကောင်းတဲ့သူတွေကြားမှာ ငါတစ်ယောက်တည်း
ကောင်းနေလို့ဘာထူးမှာလဲ
ဆိုပြီး မတွေးလိုက်ပါနဲ့.....
လက်ရှိမိုက်နေတဲ့သူတွေကို သင်ပြုပြင်ဖို့
မလွယ်ကူပေမယ့် နောင်လာမယ့်မျိုးဆက်သစ်လူငယ်
တွေအတွက် လူကောင်းသူကောင်းလေးတွေဖြစ်
အောင် သင်လမ်းပြနိုင်ပါလိမ့်မယ်။
ဒါကြောင့်လည်း.....
ရှေးပညာရှိများက အများမိုးခါးရေသောက်တိုင်း
ကိုယ်ပါလိုက်မသောက်နဲ့လို့...
ဆိုဆုံးမခဲ့ကြတာပေါ့....
Credit: Post
Comments