ဗုဒ္ဓ နဲ့ ဖုန်းတစ်ကောလ်လောက်ပြောချင်တယ်


ဗုဒ္ဓ နဲ့ ဖုန်းတစ်ကောလ်လောက်ပြောချင်တယ်
______________________________ 

နိဗ္ဗာန် ကိုသွားဖို့
Google search ကနေ
ရှာကြည့်တဲ့အခါ
လိုင်းကပျောက်သွားတယ်။

သံသရာအဝိုင်းကလေးလည်နေပေါ့
ကံကို ခဲခြစ်ပြီး 
လောကဓံထဲ ပေါင်းထည့်လိုက်တော့လည်း
ချေးထားတဲ့ ဒုက္ခတွေပြန်ဆပ်နေရလို့
သုခဟာ အနည်းငယ်ပဲကျန်ရဲ့။

ဗုဒ္ဓကို ဖုန်းခေါ်ပေမယ့်
ဖုန်းမအားသေးပါလို့ပဲ ဖြေတယ်
ဗုဒ္ဓမှာလည်း အဝင်ကောလ်တွေအများသား။

ငရဲပြည်က မက်ဆေ့တွေ
ငါ့ဆီ ခနခနရောက်ရောက်လာတယ်
လူကြီးမင်း၏သက်တမ်းလက်ကျန် မရှိတော့ပါတဲ့
မေ့မေ့ပျောက်ပျောက်သေဆုံးလိုက
နံပါတ်တစ်ကို နှိပ်ပါတဲ့
စိတ်ကို စဉ့်တီတုံးပေါ်တင်ထား
ယမမင်းဓားက ငါ့ကိုခုတ်ချတော့မယ်။

ဇူကာဘတ်က ငါ့ဖေ့ဘုတ်ကို ပိတ်လိုက်ပြီ
မရဏဖိတ်စာ ငါ့အိပ်ရာပေါ်ရောက်နေပြီ
ဘဝတစ်ခုကုန်ဆုံးဖို့ ဘယ်အော်ပရေတာက
သတ်မှတ်ပေးသလဲ
ပျော်ရွှင်မှုဟာ တာဝါတိုင်အောက်မှာ လိုင်းပျောက်သွားတယ်။

ဗုဒ္ဓနဲ့ ဖုန်းတစ်ကောလ်ဖြစ်ဖြစ် ပြောခဲ့ချင်တယ်
ငါမသေဆုံးခင်
အရင်ဘဝက ငါ့အကြောင်းတွေနဲ့
ငါ့မိသားစု ငါ့နိုင်ငံအကြောင်း
ဗုဒ္ဓ ကိုပြောပြချင်တယ်
သံသရာအဝိုင်းကလေး လည်နေတုန်းပါပဲ
ဗုဒ္ဓ ဖုန်းကလည်း မအားသေးပါဘူးတဲ့
ဒုက္ခလူသားတွေ ဗုဒ္ဓ နားကို ပြေးကပ်နေကြပြီထင်ရဲ့။

Crd မူရင်း


Comments

Popular Posts