အဖေသာ သိရင် ကျွန်တော်ကို " ဘာတွေ ပြောမလဲ ?


အဖေသာ သိရင် ကျွန်တော်ကို
" ဘာတွေ ပြောမလဲ ?
~~~~~~~~~~~

အရည်အချင်း အစွမ်းအစမရှိပဲ
ဘဝတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့
ကျွန်တော့်ရဲ့အဖြစ်ကို၊ အဖေသာသိရင်
" ဟားတိုက်ရယ်မောနေမလား ?

စိတ်ဓာတ်'ကြံ့ခိုင်မှု မရှိပဲ
အရာရာ ပျော့ညံ့ လွယ် လွန်းတဲ့
ကျွန်တော့်ရဲ့ အဖြစ်ကို၊ အဖေသာ သိရင်
" လှောင်ပြုံးလေး ပြုံးပြနေမလား ?

မျက်ရည်ကလည်း ကျလွယ်
တစ်ခုခုဆို အားငယ် တတ်လွန်းတဲ့
ကျွန်တော့်ရဲ့အဖြစ်ကို၊ အဖေသာသိရင်
" အလာကား ကောင် ဆိုပြီး
အပြစ် တင်နေမလား ?

လူတွေကို အလျှော့ပေးလွယ်
အရာရာကို အရှုံးပေး လွယ်လွန်းတဲ့
ကျွန်တော်ရဲ့ အဖြစ်ကို၊ အဖေသာသိရင်
" အ‌ထင်သေးသွားမလား ?

လူတွေကို ညှာတာ တတ်ပြီး
သူတပါး အနိုင်ကျင့် သမျှကို
ခေါင်းငုံ့ခံ ပြန်လာတတ်တဲ့
ကျွန်တော့်ရဲ့ အဖြစ်ကို၊ အဖေသာသိရင်
" ရိုက်ချင် နှိက်ချင် နေမလား ?

အဆင်မပြေမှု တခုခုကြုံလာတိုင်း
အားလျှော့လွယ်ပြီး တစ်ယောက်တည်း
ငေးငိုင် ဝမ်းနည်း နေတတ်တဲ့
ကျွန်တော့်ရဲ့အဖြစ်ကို၊ အဖေသာသိရင်
" သနားသွားမလား ?

တစ်နေကုန် ဖေ့စ်ဘုတ် သုံး‌နေပြီး
မနက်ဆို နေမြင့်မှ အိပ်ယာ ထတတ် တဲ့
ကျွန်တော့်ရဲ့အကျင့်ကို၊ အဖေသာသိရင်
" ဆဲဆို ကြိမ်းမောင်း နေမလား ?

ဘာတစ်ခုမှ အားကိုးလို့ မရပဲ
ဆွေမျိုး 'သားချင်း တွေကို
ဘာ ကူညီထောက်ပံ့မှုမှ၊ မပေးနိုင်သေးတဲ့
ကျွန်တော့်ရဲ့အဖြစ်ကို၊ အဖေသာသိရင်
" စိတ်ကုန် သွား မလား ?

နုံချာနေတဲ့ ဘဝမှာ ခိုလုံစရာ
"မိဘရင်ခွင်ဆိုတာ " နတ္ထိ "
ဒီလိုပဲ " လှေလှော်ရင်း ရေငတ် "နေရတဲ့
ကျွန်တော့်ရဲ့အခြေနေကို၊ အဖေသာသိရင်
" စိတ်မကောင်းဖြစ်သွားမလား ?

တကယ်တော့ ...
အဖေ့ရဲ့ သား ကျွန်တော်ဟာ
သောက်သုံးကျဖို့ ကြိုးစားနေတဲ့
သောက်သုံးမကျတဲ့ အလကား
ကောင်ပါ အဖေ ။ ။

ကျွန်တော့်ရဲ့ အားနည်းချက် တွေ ...
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှု တွေ ....
ကျွန်တော့်ရဲ့သောက်သုံးမကျမှုတွေ ကို ...

ဟိုးအဝေး .....
တမလွန်ဘဝ က နေပြီး ကျွန်တော့်ကို
" ခွင့်လွှတ် ပေးဖို့ ....."
တောင်းပန်ပါတယ် အဖေ ။ ။

-
-

ပြည့် ဖြိုး မောင်

Comments

Popular Posts