ပေါင်းသင်းဆက်ဆံရေး
ပေါင်းသင်းဆက်ဆံရေး
᯽᯽᯽᯽᯽᯽᯽᯽
ကြီးပွားလိုသူသည် လူပေါင်းတတ်ရာ၏။
လူပေါင်းတတ်ခြင်း၊ လူပေါင်း
ကောင်းခြင်းသည် စိတ်၏အလုပ်ဖြစ်၏။
စိတ်ရင်းကောင်းမှ အရှည်သဖြင့်
ကြီးပွားနိုင်လေသည်။
အချို့သောသူများမှာ ပညာအရည်အချင်း
မလုံလောက်ဘဲ အကပ်ကောင်း သဖြင့်
မိမိတို့နှင့် မရာမတန်သော နေရာများကိုပင်
ရတတ်၏။ နောက်ဆုံး၌ မိမိတို့ ကပ်မှီ
အားကိုးသူများ ပျက်စီး၍လည်းကောင်း၊
မိမိတို့နှင့် မရာမတန် မနိုင်မနင်းသော
အလုပ်၌ မတော်သောအမှုကို ပြုမိခြင်း
ကြောင့်လည်းကောင်း လိမ့်လဲ
ပျက်စီးရကြလေသည်။
၎င်းတို့မှာ မိမိတို့နင်း၍ တက်သောငြမ်းကို
ခြေကန်၍ လှဲဖြုတ်တတ်၏။ ထိုအခါ
အရေးမသာသည့်အခါ၌ နင်း၍ဆင်းစရာ
အမှီအတွယ်မျှ မရှိသဖြင့် မဆိုင်
သောနေရာမှ ကိုယ်လွတ်ခုန်ဆင်း၍
ပြေးကြရသောကြောင့် ပေါင်ကျိုးတတ်
ကြလေသည်။
ထိုကဲ့သို့သော စိတ်ရင်းမကောင်းသူတို့ကို
ကြီးမြင့်သောနေရာများ၌ များစွာ
တွေ့ကြရ၏။ မကြာမကြာ လိမ့်လဲ၍
ကျကြသည်မဟုတ်ပါလော။
သည်းခံသောစိတ် ငါ၏တစ်သက်မှာ
အဘယ်သောအခါမှ စိတ်မဆိုးပါဘူး၊
ရန်မဖြစ်ပါဘူး၊ လူတစ်ဖက်သားကို
မမုန်းပါဘူး၊ ကျေးဇူးကို သိပါမည်၊
လူအလိုက်ကို သိပါမည်၊ စိတ်လိုက်မာန်ပါ
ငါဘာကိုမျှ မလုပ်ပါဘူးဟူသောစိတ်ကို
မြဲမြံစွာ ထားသူဟူသမျှ အဆွေခင်ပွန်း
ကောင်းနှင့် တွေ့ရမည်။ တွေ့လျှင်လည်း
မြဲရမည် သာတည်း။
တစ်ခါတစ်ရံ အထင်လွဲခံရတတ်၏။
မတရား ပြောဆိုစွပ်စွဲခြင်းများကိုခံရ
တတ်၏။ ထိုကဲ့သို့ ဖြစ်သည့်အခါ
သည်းခံရမည်။ အကယ်၍ နိုင်အောင်
တရားသဖြင့်လုပ်နိုင်က နိုင်မှသာ
မိမိ၏ ဂုဏ်ကျက်သရေ၌ အစွန်းအကွက်
လွတ်ကင်းစင်ကြယ်နိုင်ဖို့ရှိအံ့။
ထိထိရောက်ရောက်နိုင်အောင် ခုခံရာ၏။
ဤလောကသည် စစ်မြေပြင်ဖြစ်၏။
နေရာတိုင်းမှာ သဘောကောင်းလျက်
သည်းခံ၍နေက အများလေးစား
ဂရုမပြုဘဲ နေတတ်၏။ တစ်ဖက်သား
ရန်သူကို နိုင်ပြီးမှ အခွင့်လွှတ်ခြင်း၊
နိုင်သလောက် မနှိပ်စက်ခြင်းသည်
သူတော်ကောင်းအင်္ဂါ ဖြစ်လေသည်။
လူမုန်းမှာကိုလည်း မကြောက်ရ၊
လူကဲ့ရဲ့မှာကိုလည်း လေးစားဂရုမပြုရ။
ဆိုးယုတ်မှုကြောင့် လူကဲ့ရဲ့မှာကိုသာ
ကြောက်ရမည်။
သူတစ်ပါးအပြစ်ကို ခွင့်လွှတ်ရမည်။
ညိုး(ငြိုး)သောစိတ်ကို
မွေးမြူခြင်းမပြုမှလူကြီးပီသ၏။
နှုတ်ကိုစောင့်၊ စကားကို အနည်းငယ်မျှ
အချက်ကျကျပြော၊ နားကို များစွာ
အသုံးပြု၊ ကြွားဝါမှုကို ရှောင်ကြဉ်၊
ကဲ့ရဲ့ သဂြိုဟ်ခြင်းကို မပြုလေနှင့်၊
သစ္စာတရား စောင့်ရမည်။
စကားဖြင့်သော်လည်းကောင်း၊
အပြုအမူဖြင့်သော်လည်းကောင်း၊
တစ်ပါးသူ၌ အကျိုးယုတ်ဖို့ရှိက
ရှောင်ကြဉ်ရမည်။ ယဉ်ကျေးဖွယ်ရာသော
အမူအရာရှိရမည်။ သို့သော်လည်း
ထိုအမူအရာမျိုး၌ မလွန်စေရ၊ လွန်လျှင်
အဘယ်အရာမျှ မကောင်းပေ။
ဂုဏ်လိုအားကြီးက ဂုဏ်ပြို၏။
မနိုင်သောဇာတ်ကို မခင်းနှင့်၊
ကျားလိုကျင့်ရမည်။ ကျားများသည်
သားကောင်ကိုမိလောက်မှ အုပ်၏။
မာနသည် မုန်းစရာအကောင်းဆုံးသော
စိတ်ဖြစ်၏။ မာနကို မည်သူမျှ
မချစ်မခင်ပေ။ အကြောင်းမူကား
မည်သူမှာမဆို မာနရှိလေရာ
ဘို့ထောင်ချင် တွေ့က ဝှေ့ချင်သော
နွား စိတ် ဖြစ်၏။
မာနရှိရာ၏။ သို့သော်လည်း
အပြင်သို့ထုတ်ဖော်၍ မပြကောင်း။
မခံချင်သောစိတ်၊ အရှက်အကြောက်
ကြီးသော စိတ်များသည်
ကြီးပွားလမ်းကို ဟန့်တားပိတ်ပင်သော
အဖျက်စိတ်များ ဖြစ်သည်။
အချို့သောလူများသည်
လူထဲသူထဲကို ရဲစွာမဝင်ဝံ့ကြပေ။
၎င်းလူများသည် မိမိတို့ကိုတစ်ကမ္ဘာလုံးက
ဂရုစိုက်နေသည်ဟု အထင်မှားသူများ
ဖြစ်ကြလေသည်။
လူမှန်သမျှမှာ ကိုယ်ပိုင်အရေး
ကိစ္စတွေရှိ၏။ အသင့်ကိုသာ စန္ဒလီကြည့်
သလိုကြည့်၍ နေကြမည်မဟုတ်။
အသင်၌သာ အပြစ်တွေကို ရှု၍နေမည်
မဟုတ်ပေ။ အသင့်ကိုသာ ဂရုစိုက်၍
မနေအားကြပေ။
ထို့ပြင် ယခုခေတ်ကာလလူများသည်
ရှေးကနှင့်မတူ အထူးပိုမိုယဉ်ကျေး
ကြသဖြင့် အသင်းအပင်း၊ အစည်းအရုံး
များ၌ ပြောရေးဆိုရေးရှိသော ကြောင့်
တစ်စုံတစ်ယောက်ပြောသည့်အခါ
အပြစ်ကို ရှုလေ့မရှိ။ အဘယ်အချက်မှာ
လက်ခုပ်တီး၍ ချီးမွမ်းရမည်ကိုသာ
အများအားဖြင့် အာရုံစိုက်၍ နေတတ်
ကြလေသည်။
လူကြီးလူကောင်းများ အများအားဖြင့်
စိတ်ကောင်းစိတ်မြတ်ရှိကြသော
ကြောင့်သာ လူကြီးလူကောင်း ဖြစ်၍
နေကြလေရာ ၎င်းတို့ထံသွားဖို့ရန်
မကြောက် သင့်ကြပေ။
ထိုပုဂ္ဂိုလ်ကြီးများထံသို့ မသွားဝံ့ခြင်းသည်
ထိုပုဂ္ဂိုလ်ကြီးများကို ရိုင်းစိုင်းသော
သားရဲတိရစ္ဆာန်များနှင့် နှိုင်းယှဉ်ရာ
ရောက်လေသည်။ လူကြီးလူကောင်းများ
၏ အစုအဝေးကို ဝင်ဖို့ရန်လည်း
မကြောက်ရ၊ ကိုယ်တိုင် အချိုးအစား
ကျအောင်ကြိုးစားဖို့သာ လို၏။
သို့ အချိုးအစားကျသည့်အခါ
လူကြီးလူကောင်းများအနက် မိမိအပေါ်၌
မေတ္တာစူးစိုက်သူ တစ်ဦးနှစ်ဦးရှိနိုင်လေရာ
၎င်းတို့က ထင်ပေါ်အောင် အသင့်ကို
ဖော်၍ပေးလိမ့်မည်။
ကျွန်ုပ်သည် ဂိုးလ်ဒင်းဘဲလီအသင်း၊ ပါတီ
သတင်းစာတိုက်အတွက် ရေးသားခဲ့စဉ်က
လူကြီးလူကောင်းများ၏ ညစာစားပွဲတွင်
အခါခါ လိုက်ပါခဲ့၏။
ထိုအခါ ဆာဂျေအေ-မောင်ကြီး၊
ဦးမေအောင်၊ ဆာဦးဘ၊ မစ္စတာ အယိန်၊
အခြားဘဏ်သူဌေးများ၊ တရားဝန်ကြီး
ဦးဘ စသည့် ပုဂ္ဂိုလ်ကြီးများသည်
ထိုစားပွဲ၌ လူကြီးပိုင်းတွင် ထိုင်ကြ၏။
ဆာဂျေအေသည် စားပွဲထိပ်မှာထိုင်ပြီး
အနီးရှိ လူကြီးလူကောင်းများနှင့်
စကားပြောရင်း ကျွန်ုပ်တို့ လူငယ်စုဘက်
သို့ လှမ်းကာ တောင်မေး၊ မြောက်မေး
မေးရှာ၏။ ဆာဂျေအေ၏ စိတ်၌
လူငယ်များ မျက်နှာငယ်မှာကို စိုးရိမ်ပုံ
ရလေသည်။
လူကြီးလူကောင်းများသည်
ဤသို့မြင့်မြတ်သော စိတ်မျိုးရှိကြ၏။
သို့ဖြစ်လေရာ လူကြီးလူကောင်းများကို
ကြောက်ဖို့မရှိ၊ လူမိုက်များကိုသာ
ကြောက်ရမည်။
လူမိုက်ပြုံးသည်ကိုကြောက်၊
လူကြီးငေါက်မည်ကို မကြောက်နှင့်
ရိုသေရ မည်။ သို့သော်လည်း
လူကြီးမျက်နှာသာပေးခြင်းကြောင့်
အရဲမလွန်ရပေ။ ဧည့်ခံပွဲများ၌
လူကြီးလူကောင်းများအား ကိုယ်တိုင်က
စကားစတင်၍ မပြောရ၊
လူကြီး လူကောင်းများမေးမှ ပြောမှ
ဖြေရ ပြောရလေသည်။
ဟန်မဆောင်နှင့် ရိုးရိုးနေ၊ ဝင့်ဝါခြင်းမရှိဘဲ
ခံ့ညားသပ်ရပ်စွာ အဝတ်ကို
သန့်သန့်ရှင်းရှင်း ဝတ်ရမည်။
ဟန်အမူအရာသည် လွန်စွာသိသာ၏။
ရိုးရိုးပြော၊ ရိုးရိုးသွား၊ သို့သော်လည်း
လူကြည့်ကောင်းအောင် ဝတ်ဆင်
လုပ်ကိုင်ပြုမူရသောအခါများလည်း ရှိ၏။
“ဆံထုံးထုံး-ရွာဓလေ့”ဟူသော
စကားလည်းရှိ၏။ ကျေးလက်တောနယ်
ကိုသွားပြီး မြို့ကြီးသား ရပ်ကြီးသားဟန်
တွေကို ထုတ်၍သာ နေချေက
ကိစ္စများ တတ်၏။
တောရောက်လျှင် တောသား၊
မြို့ရောက်လျှင် မြို့သား၊ ဆိုင်ရာနေရာ
အခြေအနေကို သိရမည်။
အလှ ပြတိုင်းမပေါ်၊ မပြမှပေါ်သောအခါ
တွေလည်း ရှိ၏။ အလှပေါင်းတို့တွင်
သိုသိပ်ခြင်းသည် အလှဆုံးဖြစ်လေသည်။
အင်္ဂလိပ်လို (Modesty)ဟု ခေါ်၏။
ထိုစကား၏ အဓိပ္ပာယ်မှာ အလှကို လွန်စွာ
မပြခြင်း၊ အတတ်ကို လွန်စွာ မပြုခြင်း၊
မမော်ကြားခြင်း၊ ထင်ပေါ်လိုစိတ်
လွန်စွာမကြီးခြင်းကို ဆိုလိုသည်။
ယဉ်ကျေးခြင်းသည် ကိုယ်ဟန်
အမူအရာကို ဆိုသည်မဟုတ်၊ လူရှေ့၌
ကုန်းကွခြင်းကို ဆိုသည်မဟုတ်ပေ။
သို့သော်လည်း လူမျိုး၏ အလေ့အတိုင်း
ကျင့်ရလေသည်။ ယဉ်ကျေးခြင်းသည်
စိတ်မှာရှိ၏။ စိတ်ကောင်းနှလုံးကောင်းရှိမှ
တကယ် ယဉ်ကျေး၏။ စိတ်ကောင်းမရှိက
တကယ်ယဉ်ကျေးသူ မဟုတ်နိုင်ပေ။
ပီမိုးနင်း - အောင်မြင်ခြင်းဘုရင်
.
.
By, Pyae Phyo Mg
Comments