အာရတီပါပါ ဧတံမင်္ဂလမုတ္ထမံ။
မကောင်းမှုတွေဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
အာရတီပါပါ ဧတံမင်္ဂလမုတ္ထမံ။
မကောင်းမှုများကို စိတ်ဖြင့်ရှောင်ကြဉ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။
တစ်ခါတုန်းက သူဌေးသားတစ်ယောက်ဟာ လမ်းတစ်နေရာမှာ ရပ်နေပါတယ်။ အဲဒီအချိန်မှာပဲ သူဌေးသားရဲ့အရှေ့မှာ အလွန်လှတဲ့ လင်မယားနှစ်ယောက် လျှောက်လာပါတယ်။
သူဌေးသားဟာ လင်မယားနှစ်ယောက်ကို ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာသလဲဆိုတော့ မျက်လုံးထဲမှာ ယောက်ျားလုပ်သူကို မမြင်တော့ဘဲ မိန်းမလုပ်သူကိုပဲ မြင်တော့ပါသတဲ့။
ဒီတော့ သူဌေးသားရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ့်ရှေ့မှာ လျှောက်လာနေတဲ့ အမျိုးသမီးအပေါ်မှာ ပြစ်မှားလိုတဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါသတဲ့။
သူဌေးသားဟာ အမျိုးသမီးကို မျက်တောင်မခတ်ဘဲကို ကြည့်နေမိရင်း အဘိဓမ္မာသဘောတရားတစ်ခုဖြစ်တဲ့ ရူပါရုံနဲ့ စက္ခုပသာဒ ပေါင်းဆုံမိခြင်းကြောင့် ရာဂဆိုတဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားနေပါတော့တယ်။
သူဌေးသားကသာ အမျိုးသမီးကိုကြည့်ပြီး ရာဂဆိုတဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားနေတာ၊ အမျိုးသမီးဖြစ်သူကတော့ သူဌေးသားကို သတိမထားမိပါဘူး။ သူ့ခင်ပွန်းနဲ့သူ ရယ်လို့မောလို့ စကားတပြောပြောနဲ့ပါ။
သူဋ္ဌေးသား ဖောက်ပြန်ပြစ်မှားတဲ့စိတ်တွေ ဖြစ်နေဆဲမှာပဲ စုံတွဲလင်မယားနှစ်ယောက်က သူဋ္ဌေးသားရဲ့ရှေ့က ဖြတ်ကျော်သွားပါတယ်။
သူဌေးသားက လင်မယားနှစ်ယောက် သူ့ရှေ့က ဖြတ်ကျော်သွားမှပဲ သူမကောင်းတဲ့စိတ်တွေ ဖြစ်နေပါလားဆိုတာ သိလိုက်ရပါတယ်။
သတိပြန်ဝင်လာတာနဲ့အတူ ' ငါ့သန္တာန်မှာဖြစ်တဲ့ ရာဂဟာ အပါယ်ကျကြောင်းပဲ ' ဆိုပြီး တော်တော်လေး တုန်လှုပ်သွားပါတယ်။
သူဌေးသားဟာ မတ်တပ်ရပ်လျက်ပဲ ဖြစ်နေတဲ့ရာဂစိတ်ကလေးကို သတိထားကြည့်လိုက်ပါတယ်။
" ရာဂကလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေးဖြစ်နေတာလဲ " စသည်ဖြင့် သဘောလေးအထိ မိအောင် စူးစိုက်ပြီးကြည့်ပါတယ်။ စိတ်ကိုစိတ်နဲ့ ပြန်ကြည့်တာပါ။
ပြီးတော့ " ရာဂဖြစ်တယ်၊ ရာဂဖြစ်တယ် " ဆိုပြီး ဝိပဿနာရှုမှတ်ပစ်လိုက်တာ ဉာဏ်စဉ်တွေ အဆင့်ဆင့်ဝင်လာပြီး နေရာမှာတင် ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
(ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပါနီယဇာတ်)
ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ ဆရာတော်ဦးဇောတိက၊ အရှင်ဆန္ဒာဓိကတို့ရဲ့ စာအုပ်တွေ ပြန်ဖတ်ဖြစ်တိုင်း ဝင်လာနေကျ အတွေးလေး တစ်ခုရှိပါတယ်။
အဲဒီအတွေးလေးကတော့ ' ငါ့စိတ်ထားတွေ မြင့်မြတ်နေအောင် ဘယ်လိုနေထိုင်မလဲ ' ဆိုတဲ့ အတွေးလေးပါ။ အဲဒီအတွေးလေးနဲ့ မရှေးမနှောင်းမှာဘဲ အတွေးစည်းမျဉ်းတချို့လည်း ဆင့်ကဲဆင့်ကဲ ပေါ်လာတတ်ပါတယ်။
အတွေးစည်းမျဉ်းတစ်ချို့ကတော့ ' ငါအရာရာကို ကိုယ်ချင်းစာ စိတ်နဲ့ ပြုမူနေထိုင်မယ်။ တစ်ဖက်သား စိတ်ဆင်းရဲစေမယ့် အတွေးမျိုး အပြောမျိုး မတွေးဘူး၊ မပြောဘူး ' ဆိုတဲ့ စည်းမျဉ်းလေးပါ။
အဲဒီအတွေးစည်းမျဉ်းလေးတွေဖြစ်နေတုန်း နှစ်ရက် သုံးရက်အတွင်း သတိကပ်နေဖြစ်တာဆိုတော့ ကိုယ့်ကိုယ်ကိုကြည်ညိုမှုလေးတွေနဲ့ စိတ်ငြိမ်းချမ်းမှုလေးတွေကို မသိမသာလေးရနေခဲ့ပါတယ်။
နှစ်ရက်သုံးရက်လွန်တဲ့အခါမှာတော့ အတွေးစည်းမျဉ်းတွေက ဘယ်လိုကနေဘယ်လို ပျက်ပြယ်သွားတယ်ဆိုတာ ကိုယ်တိုင်တောင် သတိမထားဖြစ်ပါဘူး။
စည်းမျဉ်းတွေပျက်ပြယ်တဲ့အချိန်မှာ အာရုံတစ်ခုကို အမှီပြုပြီး ထုံးစံအတိုင်း ခပ်ညံ့ညံ့စိတ်ထားလေးတွေ ဝင်လာတော့တာပါပဲ။
အဲဒီခပ်ညံ့ညံ့စိတ်ထားလေးတွေကို တွေးမိရင်း ' ငါဒီဘဝ စိတ်ထားမြင့်မြတ်သူ မဖြစ်နိုင်တော့ဘူးလာ ' ဆိုပြီး စိတ်ဆင်းရဲရပြန်ပါရော။
နောက်ဆုံးတော့ ' ကိုယ်စိတ်ထားညံ့နေတာလေးကို သိနေတာလေးရယ် စိတ်ထားမြင့်မြတ်ချင်တဲ့ စိတ်ကလေး ရှိနေတာလေးရယ်ကကို စိတ်ထာမြင့်မြတ်ဖို့ ဖြစ်နိုင်စရာ အခွင့်အရေးတစ်ခုပဲလေ ' ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရပါတယ်။
အာရတီပါပါ - မကောင်းမှုတွေကို စိတ်နဲ့ ရှောင်ပါတဲ့။ ဘယ်လိုရှောင်မလဲ …?
စိတ္တာနုပဿနာသတိပဋ္ဌာန်ပွားများပြီး ရှောင်တာကို မြတ်စွာဘုရားက အနှစ်သက်ဆုံး၊ သဘောအကျဆုံးပါပဲ။
ဒါကြောင့် ဝိပဿနာအခြေခံသဘောလေးကို နည်းနည်းလောက် ရေးပြပါရစေ။
ဝိပဿနာရှုမှတ်တဲ့ ယောဂီဟာ အခြေခံနှစ်ချက်ကို သတိထားရပါမယ်။ အဲဒီနှစ်ချက်က(၁) ပစ္စုပ္ပန်တည့်တည့် ဖြစ်ရမယ်။ (၂) ကိုယ့်ရဲ့အရှုခံအာရုံဟာ ထင်ရှားရှိရမယ်ဆိုတဲ့ အချက်နှစ်ချက်ပါ။
ဥပမာ - ရေချိုးနေတုန်းမှာ ဝင်တယ် ထွက်တယ်၊ ဒါမှမဟုတ် ဖောင်းတယ်၊ ပိန်တယ်လို့ ရှုမှတ်လို့ မရပါဘူး။ ရေချိုးနေတာ ထင်ရှားတဲ့အတွက် ရေချိုးနေတဲ့ ကိုယ်အမူအရာကိုပဲ မှတ်ရမှာပါ။ အထူးသဖြင့်တော့ ကိုယ့်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိနေဖို့ပါ။
စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း လိုက်လိုက်မှတ်နေတာ၊ လိုက်လိုက်သိနေတာကို စိတ္တာနုပဿနာ သတိပဋ္ဌာန်လို့့ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ် ဖြစ်နေတာလေးကို နောက်စိတ်ကလေးက လိုက်လိုက်သိနေတာပါ။
ဒါကို ယောဆရာတော်ဘုရားရဲ့ " ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင် " ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်စေချင်ပါတယ်။
ဆိုပါစို့။
ကိုယ်က လူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့ ဒေါသဖြစ်လိုက်ပြီ။ ဒါဆို လုပ်နေတဲ့အလုပ်ကို ချက်ချင်းရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထားစိုက်ကြည့်လိုက်ပါ။
ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေးဖြစ်နေတာလဲ စသဖြင့် ဒေါသရဲ့ သဘောလေးအထိ မိအောင် သတိထားကြည့်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက်ခုန်နေတာ၊ ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတောင် တဆတ်ဆတ်တုန်နေတတ်ပါတယ်) ပင်ပန်းနေတာ၊ ပူလောင်နေတာစသည်တွေကို တွေ့ရပါလိမ့်မယ်။
အဲဒီဒေါသရဲ့သဘောလေးတွေကို သိနိုင်သမျှသိအောင် သတိကပ်ပြီး ' ဒေါသဖြစ်တယ်၊ ဒေါသဖြစ်တယ် ' လို့ အချက်သုံးဆယ် လေးဆယ် လောက်မှတ်ပစ်နေလိုက်ပါ။ တကယ်တော့ ဝိပဿနာမှာ စကားလုံးဆိုတာ မလိုပါဘူး။
ဒါပေမယ့် ဝိပဿနာ အားမထုတ်ဖူးသေးတဲ့ သူတစ်ယောက်အနေနဲ့တော့ စကားလုံးကို အကူအညီယူပြီး မှတ်တာ ပိုအဆင်ပြေတတ်ပါတယ်၊ ဝိပဿနာကို တော်တော်လေး အားထုတ်ထားဖူးတဲ့ သူကတော့ စကားလုံး မလိုပါဘူး။ ဖြစ်နေတဲ့ ဒေါသလေးကို သိနေဖို့ပါပဲ။
အတိတ်အတိတ်ဘဝက ဝိပဿနာအထုံပါရမီပါခဲ့သူ၊ ဒါမှမဟုတ် လက်ရှိပစ္စုပ္ပန်ဘဝမှာ ဝိပဿနာတရားကို တော်တော်လေး အားထုတ်ထားဖူးတဲ့သူဆိုရင် စူးစိုက်ပြီး ရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့ ဒေါသကလည်း ကုန်ပျက်ကုန်ပျက်သွားတာ၊ မှတ်သိနေတဲ့ မှတ်သိစိတ်ကလေးလည်း ကုန်ပျက်ကုန်ပျက်သွားတာ တွေ့လိုက်ရပါလိမ့်မယ်။
အဲဒီလို ကုန်ပျက်နေတဲ့ သဘောလေးကို သိခွင့်ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင်တော့ " သြော် … ငါ့နှယ်ဖြစ်မှ ဖြစ်ရလေ " ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ပြုံးလေးတောင် ပြုံးမိလိုက်ပါဦးမယ်။
အကုသိုလ်စိတ်ဖြစ်၊ ဖြစ်တာနဲ့သိ၊ သိတာနဲ့မှတ်ပြီး ပယ်ပစ်တဲ့ အကျင့်လေးကို စွဲနေအောင် ရှေ့ဘဝအထိ အထုံဝါသနာ ပါသွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ ကျင့်ပါများရင် စွဲသွားတာပါ။
အဓိကကတော့ စဖြစ်ဖို့ပါ၊ စဖြစ်ရင် စွဲသွားတာပါပဲ။
မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ၊ မကောင်းတဲ့ စိတ်ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။
ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ် ဖြစ်သွားပါတယ်။ အကုသိုလ်ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
ပုထုဇဉ်ပီပီ အကုသိုလ်စိတ်မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့်အရာလည်း မဟုတ်ပါဘူး။ ဖြစ်တာသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
အကုသိုလ်စိတ်တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှုပီတိတွေ ဖြစ်လာရင် ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။
ဒီလိုပါပဲ၊ ကိုယ့်စိတ်ညံ့ကလေးကို ပြုပြင်ယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ပဲ စိတ်ထားတွေ မြင့်မြတ်သွားရတာပါ။
ထိုက်သင့်သလောက် စိတ်ထားမြင့်မြတ်သူဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့အကုသိုလ်တွေ၊ မကောင်းတဲ့စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတွေတောင် ဖြစ်နေပါဦးမယ်။
ကဲ … စာဖတ်သူ၊ မကောင်းတဲ့စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့မှတ်ပစ်ကြည့်ပါလား၊ အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)
Khät Hätüň - ရေးသား ပူဇော်သည်။
Comments